MM Science
အလေးချိန်ရဲ့ ဗဟိုချက်

အလေးချိန်ရဲ့ ဗဟိုချက်

MM Science
MM Science

နောက် moment နဲ့ဆိုင်တဲ့ အရေးကြီးတဲ့ သဘောတရားတစ်ခုရှိတယ်၊ centre of gravity တဲ့။ တစ်ချို့ကလည်း centre of mass လို့ သုံးကြတယ်။ ( တကယ်တမ်းတော့ အဲဒီနှစ်ခုက မတူဘူးကွ၊ ဒါပေမယ့် ရှင်းလိုက်ရင် ပိုရှုပ်သွားလိမ့်မယ်၊) centre of gravity ဆိုတာ အလွယ်ဆုံးပြောရရင် 'အလေးချိန်ရဲ့ ဗဟိုချက်' ကို ပြောတာပဲ။ အရာဝတ္ထုတစ်ခုမှာ ကိုယ်ပိုင်အလေးချိန် own weight ဆိုတာ ရှိတယ်။ centre of gravity ဆိုတာ အဲဒီအလေးချိန် မျှခြေအမှတ် ဒါမှမဟုတ် အလေးချိန်တွေရဲ့ စုချက်ကိုပြောတာ။ နောက်တစ်မျိုးပြောရရင် အဲဒီအရာဝတ္တုရဲ့ စုစုပေါင်းအလေးချိန် သက်ရောက်တဲ့ အမှတ်ပွိုင့်ပဲ။ ဒီလိုမျိုးကို ပြောတာပါ...

ဥပမာ အရွယ်ညီသံတုတ်တစ်ချောင်းဆိုပါတော့။ မင်း မျက်စိမှိတ်ထားပြီး သံတုတ်ကို 'မ' ကြည့်မယ်။အဲ့လို 'မ' ကြည့်တဲ့အခါ သံတုတ်ရဲ့ အလယ်က 'မ' မိရင် ပိုပြီးလေးတယ်၊ ပိုပြီး စီးစီးပိုးပိုးရှိတယ်လို့ ခံစားရတယ်။ အလယ်မဟုတ်တဲ့ တစ်ခြားနေရာက 'မ' မိရင် အဲ့လို လေးလေးပင်ပင် စီးစီးပိုးပိုး မရှိဘူး (မယုံ စမ်းကြည့်လို့ရပါတယ်) အဲ့ဒီသံတုတ်ရဲ့ အလယ်ဆိုတာ centre of gravity ပဲ။ တစ်နည်းအားဖြင့် သံတုတ်ရဲ့ စုစုပေါင်းအလေးချိန် သက်ရောက်ဖြတ်သန်းသွားတဲ့ အမှတ်ပဲ။ ဒါကြောင့် အဲ့ဒီ အမှတ်နေရာက 'မ' မိရင် ပိုပြီးလေးလေးပင်ပင်ရှိနေတာ။

( ကြားဖြတ်လို့ပြောရရင် centre of gravity ဆိုတာ ပုံသဏာ္ဌန်ရဲ့ ဗဟိုချက် geometrical centre နဲ့ အမြဲမတူဘူး။ စောစောက သံချောင်းလို ပုံသဏာ္ဌန်မှန်တဲ့ အရာဝတ္ထုတွေအတွက်တော့ တူတယ်။ ပုံသဏာ္ဌန်မှန်တဲ့ကောင်တွေ အတွက် centre of gravity ဟာ သူရဲ့အလယ်မှတ်လို့ပြောလို့ရတယ်။ ဥပမာ စက်ဝိုင်းရဲ့ centre of gravity ဆို သူ့ရဲ့ဗဟိုချက်ပဲ။ ပုံသဏာ္ဌန်မမှန်ရင်တော့ အဲလိုမတူနိုင်ဘူး)

centre of gravity ဟာ မျှခြေအမှတ်လို့ ပြောထားသလိုပဲ၊ အဲ့ဒီနေရာမှာ ထောက်ထားရင် အဲဒီ အရာဝတ္ထုဟာ ဟန်ချက်ညီနေတယ်။ ဥပမာ စာအုပ်ရဲ့ အလယ်မှာ (centre of gravity မှာ) လက်နဲ့ထောက်ထားလိုက်ရင် စာအုပ်က ဟန်ချက်ညီနေတာမျိုးပေါ့။ ကြိုးတန်းပေါ် လမ်းလျှောက်တယ်ဆိုရင်လည်း အဲဒီ centre of gravity အမှတ်ကို ကြိုးတန်းနဲ့ အညီထားပြီး လျှောက်ရတယ်။ ဒါမှ ဟန်ချက်ညီပြီး ပြုတ်မကျမှာ။ ဗဟုသုတအနေနဲ့ ပြောရရင်ဘတစ်ခုခုကို တုတ်နဲ့ရိုက်မယ်ဆိုရင် centre of gravity နဲ့ တည့်အောင်ရိုက်၊ ရိုက်အား ပိုပြင်းတယ်။

ဒီလောက်ဆို centre of gravity ဆိုတာဘာလဲ.. ရိပ်မိလောက်ပါပြီ။ centre of gravity နဲ့ပတ်သတ်တဲ့ အရေးကြီးဆုံးအချက်ကတော့ အဲဒီအမှတ်ကို အရာဝတ္ထုရဲ့ စုစုပေါင်းအလေးချိန် ဖြတ်သန်းသက်ရောက် သွားတယ်ဆိုတာပဲ။ ဒီအချက်က moment နဲ့ ပတ်သက်လို့ အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ ဒီအချက်က လည်အားအတွက် အကွာအဝေးကို ပြောပြနေလို့ပဲ။

MM Science
MM Science
Awesome articles