MM Science
ကမ္ဘာမှာ နည်းပညာတွေ အမျိုးမျိုး ပေါ်ခဲ့တာ ဘာလို့ AI ကျမှ တချို့ ပညာရှင်တွေက စိုးရိမ်နေကြတာလဲ

ကမ္ဘာမှာ နည်းပညာတွေ အမျိုးမျိုး ပေါ်ခဲ့တာ ဘာလို့ AI ကျမှ တချို့ ပညာရှင်တွေက စိုးရိမ်နေကြတာလဲ

MM Science
MM Science

“AI (စက်တို့ရဲ့ ဥာဏ်ရည်)” အရင်တပါတ်က AI အ‌ ကြောင်း နိဒါန်း စရေးတော့ အပေါင်းအသင်း မိတ်ဆွေ တစ်ချို့က..”AI အ‌ ကြောင်းအသေးစိတ် ရေးမပြခင် တို့ နားလည်အောင် AI ဆိုတာကို စာလေး၂‌ ကြောင်း၊ ၃ကြောင်းလောက်နဲ့ စပြောပြရင် ကောင်းမယ်”.. လို့ အကြံပေးလာကြတယ်။နောက်ပြီး “ကမ္ဘာမှာ နည်းပညာတွေ အမျိုးမျိုး ပေါ်ခဲ့တာ ဘာလို့ AI ကျမှ တချို့ ပညာရှင်တွေက စိုးရိမ်နေကြတာလဲ”.. လို့ လဲ မေးလာကြပါတယ်။

ပထမမေးခွန်းကို AI ပညာရှင်တွေကတော့ ပိုတိကျအောင် ‌ပြောနိုင်လိမ့်ပါမယ်။ကျနော် လေ့လာ ထားသလောက် ခပ်တိုတို ပြောရရင်တော့..”.AI ဆိုတာ လူလို စဥ်းစားတတ်တဲ့ စက်တို့ရဲ့ ဥာဏ်ရည် ပေါ့ “. လို့ ‌‌ ပြောရလိမ့်မယ်။”လူတွေလို ကျိုး‌ကြောင်းဆီ‌လျှော်‌ (reasoning ဖြစ်)အောင် စဥ်းစားတတ်တယ်၊လူတွေလို ဖြစ်နိုင်ချေတွေ (probability) ကို စဥ်းစားနိင်တယ်၊လူတွေလို သင်တဲ့သူ ရှိတဲ့ အခြေအနေမှာ ဖြစ်ဖြစ်၊သူ့ဖာသာ လေ့လာလို့ ဖြစ်ဖြစ် လေ့လာသင်ယူနိုင်တယ်၊ ပြီးတော့ ရလာတဲ့ အသိဥာဏ်ကို ပြန်အသုံးချနိုင်စွမ်းရှိတယ်” လို့ ခပ်လွယ် လွယ် ပြောရမယ် ထင်တယ်။ဒါ‌ကြောင့်လဲ လူတွေရဲ့ “ဥာဏ်ရည် Intelligence” ကို တုပထားတဲ့ “Artificial ဥာဏ်ရည်” လို့ သုံးနှုန်းထားတယ်ထင်ပါရဲ့။

ဒုတိယမေးခွန်းဖြစ်တဲ့ ဘာလို့ စိုးရိမ်ရတာလဲ ဆိုတာကို ဖြေဖို့ကတော့... လူ့သမိုင်းမှာ ပေါ်ပေါက်ခဲ့၊ လူ့ ယဥ်ကျေးမှု(Civilization) တွေကို တိုးတက်စေခဲ့တဲ့ စက်မှုတော်လှန်‌ရေး(Industrial Revolution) တွေ အ‌‌ကြောင်း နဲနဲ ရှင်းပြမှ ရမယ်ထင်တယ်။ တချို့လဲ ကြားမိမယ်ထင်ပါတယ်.. အခု ကမ္ဘာမှာ စတုတ္ထ စက်မှုတော်လှန်‌ရေး (Industrial Revolution 4.0) စနေပြီ..လို့ ပြောနေကြတာ။အဲဒီတော့ စက်မှုတော်လှန်ရေး စပေါ်တာ နဲ့ စလိုက်ရအောင်...

တကယ်တော့ ကမ္ဘာပေါ်မှာ လူတွေ ပေါ်ခဲ့ကြတာ နှစ်ပေါင်း ထောင်သောင်း ချီ ရှိပြီ၊ဒါပေမယ့် ၁၈ရာစု အလယ်ပိုင်း(လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀ လောက်ထိ)လူတွေဟာ သူတို့ရဲ့ စားဝတ်နေရေး၊ လူမှုရေးတွေ၊ကူးသန်းသွားလာရေး၊ဆက်သွယ်ရေးတွေအတွက် လူ့လုပ်အား၊လူ့ခွန်အားကိုပဲ သုံးခဲ့ကြတာ၊တိရိစ္ဆာန်တွေရဲ့ လုပ်အားတွေကို သုံးခဲ့ကြတယ် ဆိုပေမယ့် လက်မှုစွမ်းအားနဲ့ နေခဲ့ကြတယ် လို့ ပြောရမယ်။ လယ်ယာစိုက်ပျိုးရင်လဲ ကိုယ်တိုင်လဲစိုက်၊နွားတွေ နဲ့ လဲ ထွန်ယက် ပေါ့၊အဝတ်အထည် ဆိုရင် လက်ယက်ကန်းတွေနဲ့ ရက်ကြ၊တနေရာက တစ်နေရာ သွားဖို့ ဆိုရင်လဲ မြင်းဆွဲတဲ့ မြင်းရထားတွေ၊နွားဆွဲတဲ့ နွားလှည်းတွေနဲ့ပေါ့။

အဲဒီအခြေအနေကနေ.. ၁၈ရာစု အလယ်‌‌လောက်ကျတော့ စက်တွေ တီထွင်ကြတာတွေ၊စက်တွေ ကို သုံးစွဲတာတွေဟာ အင်္ဂလန်၊ဥရောပ နဲ့ အမေရိကန်မှာ ကျယ်ကျယ်ပြန့်ပြန့် ‌ပေါ် လာတော့တယ်၊ ငယ်ငယ်တုန်းက သိပ္ပံ သင်တုန်းက မှတ်မိကြဦးမယ်ထင်တယ်.. အင်္ဂလန်မှာ “ဂျိမ်းဝပ်”က “ရေနွေးငွေ့စက်” တီထွင်ခဲ့တယ် ဆိုတာ၊ အဲဒီရေနွေးငွေ့ နဲ့ မောင်းနှင်နိုင်တဲ့ စက်တွေ ပေါ်လာတာ ဟာ စက်မှုတော်လှန်ရေးရဲ့ အစပေါ့။တိုတို‌ ပြောရရင်.. အဝတ်အထည်တွေကို လက်နဲ့ ယက်ကန်း ရက် ရတဲ့ အ‌ခြေအနေကနေ စက်ယက်ကန်းတွေ ပေါ်လာတယ်၊အရင်က ရွက်တွေ၊တက်တွေနဲ့ လှော်ရတဲ့ ဘဝကနေ ‌ရေနွေးငွေ့ သုံး အင်ဂျင်နဲ့ မောင်းတဲ့ မီးသ‌င်္ဘောတွေ၊ မီးရထားတွေ ပေါ်လာလို့ ကူးသန်းသွားလာရတာ သိပ်မြန်သွားခဲ့တယ်။အရင်က လူတွေ၊တိရိစ္ဆာန်တွေနဲ့ပဲ အလုပ် လုပ် နေတာကနေ စက်တွေကို လူ့သမိုင်းမှာ ပထမဆုံး စသုံးနိုင်တဲ့ ခေတ် ရောက်လာတာ‌ပေါ့။ (ဒီဖြစ်စဥ်ကြောင့် ကမ္ဘာ့ နှံ့မှာ တိုးတက်မှုတွေ၊အပြောင်းအလဲ တွေ အများကြီး ဖြစ်ခဲ့ပေမယ့် အခုတော့ စာရှည်မှာ စိုးလို့ ဒီမှာရပ်ပြီး ဒုတိယ စက်မှုတော်လှန်ရေးကို ဆက်ကြရ‌အောင်..)။

“Second Industrial Revolution” “ဒုတိယ စက်မှုတော်လှန်ရေး” ကတော့ ၁၉ရာစု နှောင်းပိုင်း လောက်မှာ စ‌ပေါ်ခဲ့တယ်လို့ ဆိုတယ်၊သမိုင်းဆရာတွေကတော့ ၁၈၇၀ ကနေ ၁၉၁၄ အတွင်း ပေါ်ပေါက်ခဲ့တဲ့ ကာလလို့သတ်မှတ်ခဲ့ကြတယ်၊လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်လောက်က စပေါ်ခဲ့တာ‌ပေါ့..ကျနော်တို့ အခုသုံးနေတဲ့ အရာတော်တော်များများကို “ဒုတိယ စက်မှုတော်လှန်ရေး” က မွေးဖွားပေးလိုက်တယ်လို့တောင် ပြောလို့ရမယ်ထင်တယ်… အလက်ဆန်းဒြား ဂရေဟမ် ဘဲလ်က တယ်လီဖုန်းကို တီထွင်ခဲ့တယ်၊သောမတ်စ် အက်ဒီဆင်က လျှပ်စစ်မီး၊ဟင်နရီ ဖို့ဒ်က မော်တော်ကား နဲ့ mass production၊ ရိုက်ညီနောင်က လေယာဥ်တွေ တီထွင်ခဲ့တာဟာ.. အဲဒီ “ဒုတိယ စက်မှုတော်လှန်ရေး” မှာ‌ပေါ့..ဒါ့‌ကြောင့်လဲ ဒီကာလကို “Technological revolution” “နည်းပညာ စက်မှုတော်လှန်ရေး” လို့လဲ ပြောကြတယ်။

အဲဒီကနေ..၂၀ ရာစု အလယ်လောက်(၁၉၅၀ လောက်မှာ) ကမ္ဘာမှာ နည်းပညာ အ‌ပြောင်းအလဲတွေ ထူးထူးခြားခြား ဖြစ်လာတယ်.. အားလုံးသိတဲ့ အတိုင်း ကွန်ပြူတာတွေ ပေါ်လာတယ်၊ဒစ်ဂျစ်တယ် နည်းပညာတွေ အားကောင်းလာတယ်၊ဒီလိုနဲ့ပဲ သတင်းအချက်အ လက်တွေကို ဖန်တီးတာ၊ စီမံတာ၊စီစဥ်တာ၊ဖြန့်ဖြူးတာတွေ အင်မတန် ကောင်းမွန်ခဲ့ခေတ်တစ်ခေတ်ကို ရောက်ခဲ့တယ်။ အဲဒီလို နည်းပညာ အသစ်တွေ ပေါ်လာတဲ့ ကာလကို “တတိယ စက်မှု တော်လှန်ရေး” လို့ သတ်မှတ်ကြတယ်..တစ်ချို့က “Digital revolution ဒစ်ဂျစ်တယ် တော်လှန်ရေး” လို့လဲ ခေါ်ကြတယ်..အားလုံးသိကြတဲ့ အတိုင်းပဲ ဒီကာလမှာ internet အင်တာနက် နည်းပညာလဲ ပေါ်လာခဲ့ ပြီး ဆက်သွယ်ရေးတွေကောင်းလွန်းလို့ ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာလို ဖြစ်သွားခဲ့တယ်..ကျနော်တို့ အခု ရှင်သန်နေတာ ဒီခေတ်ပေါ့။

အဲဒီလို တတိယ စက်မှု တော်လှန်ရေးကြီး အားကောင်းမောင်းသန် ဖြစ်ထွန်းနေဆဲမှာပဲ...နောက်ထပ် နည်းပညာအသစ်တွေပေါ်လာတယ်၊တကယ်တော့ အဲဒီနည်းပညာအသစ်တွေဟာ တတိယစက်မှု တော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ ကွန်ပြူတာ၊အင်တာနက်၊ရိုဘော့ စက်ရုပ်လို နည်းပညာတွေ အပေါ်မှာ အမှီပြုပေမယ့် သူတို့ ကတော့ အရင်ကပေါ်ခဲ့တာတွေနဲ့ လုံးဝကို မတူတဲ့ နည်းပညာတွေ လို့ ပြောရမယ်..တဲ့၊ဘာလို့လဲဆိုတော့ အခုပေါ်တဲ့ နည်းပညာတွေဟာ လူ့ အဖွဲ့အစည်းထဲမှာသာမက နောက်ဆုံး..လူသားတစ်ဦးချင်းတွေအထိ ထဲထဲဝင်ဝင် ဝင်‌ရောက် လာမယ့်၊ လွမ်းမိုးလာမဲ့ နည်းပညာတွေ ဖြစ်လို့ တဲ့..ဥပမာ..AI လို့ ခေါ်တဲ့ လူတွေလို တွေးတောနိုင်မယ့် စက်တွေရဲ့ ဥာဏ်ရည် ပါမယ်၊လူတွေရဲ့ မျိုးရိုးဗီဇတွေကို ပြောင်းနိုင်မယ့် genome editing လို နည်းပညာတွေပါမယ်...တဲ့။ ဒီဖြစ်စဥ်ကို “စတုတ္ထ စက်မှုတော်လှန်ရေး” လို့ ဆိုကြတယ်၊ဒါကြောင့် ကျနော် အစပိုင်းမှာ ရေးခဲ့သလို စတုတ္ထ စက်မှုတော်လှန်‌ရေး (Industrial Revolution 4.0)ဟာ ကမ္ဘာမှာ စနေပြီလို့ ပြောနေကြတာပေါ့။

World Economic Forum ကို ထူ‌ထောင်သူလဲဖြစ်၊ ဥက္ကဌလဲ ဖြစ်တဲ့ ပါမောက္ခ ကလော့စ် ရှော့ဝက်ဘ်ကတော့ The Fourth Industrial Revolution ဆိုတဲ့ သူ့ရဲ့ စာအုပ်မှာ. “ကျနော်တို့ဟာ အခု ကျနော်တို့ လူသားတွေ နေထိုင်ပုံ၊တဦးနဲ့ တစ်ဦးဆက်ဆံပုံတွေကို အခြေခံက အစ ပြောင်းလဲပစ်မယ့်် စတုတ္ထ စက်မှုတော်လှန်‌ရေးရဲ့ အစပိုင်းကို ရောက်နေပြီ၊ အရင်ပေါ်ခဲ့တဲ့ စက်မှုတော်လှန်‌ရေး ၃ခုက..ကျနော်တို့ လူသားတွေကို ခွန်အားတွေ သုံးနေတဲ့ ဘဝတွေ က လွတ်မြောက်စေ ခဲ့တယ်၊ mass production လို့ ခေါ်တဲ့ ကုန်ပစ္စည်းတွေ အမြောက်အ များ ထုတ်လုပ်နိုင်စေခဲ့တယ်၊ ဒစ်ဂျစ်တယ် နည်းပညာ ရဲ့ စွမ်းဆောင်နို င်တာတွေကို လူသားတွေဆီ သယ်ဆောင်လာနိုင်ခဲ့တယ်၊ စတုတ္ထ စက်မှုတော်လှန်‌ရေးကတော့ အ‌ခြေခံကအစ ခြားနားလိမ့်မယ်၊ နည်းပညာအသစ်တွေဟာ လူသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ဇီဝဖြစ်ပျက်မှုတွေနဲ့ ဒစ်ဂျစ်တယ် နည်းပညာတွေကို တစ်ခုထဲ ရောစပ် ပစ်လိမ့်မယ်..လို့ ဆိုပါတယ်။

တကယ်တော့ စတုတ္ထ စက်မှုတော်လှန်‌ရေးမှာ ထဲထဲဝင်ဝင်ပါနေတဲ့ သူတို့‌ပြောတာတွေကို ကျနော် အနေနဲ့လဲ ရေးရေးလေးလောက်သာ နားလည်သလိုလို ရှိပေမယ့် ..အရင်ပေါ်ခဲ့တဲ့ စက်မှု တော်လှန်‌ရေး ၃ခု နဲ့ တော့ မတူလောက်ဘူး...ဆိုတာတော့ တွေးမိတယ်၊ဘာလို့လဲ ဆိုတော့ အရင်ပေါ်ခဲ့တဲ့ နည်းပညာတွေကို(ကွန်ပြူတာ၊ အင်တာနက်က အစ)ကျနော်တို့က Tool ကရိယာ တန်ဆာပလာအဖြစ် သုံးခဲ့ကြတာ(Tool ဆိုတာ..ဥပမာ ပြောရရင် လက်သမားသုံးတဲ့ တူ တွေ၊ ဆောက်တွေ၊ လွှတွေပေါ့၊အိမ်ဆောက်ဖို့ အကူအညီပေးတဲ့ ကရိယာတန်ဆာပလာ တွေလေ၊) ကျနော်တို့ လူသားဆိုတာကလဲ သတ္တဝါတွေထဲမှာ ကိုယ့်ကို လွယ်ကူ အဆင်ပြေအောင် လုပ်ပေးမယ့် Tool ကရိယာ တန်ဆာပလာ တွေကို တီထွင်တတ်၊သုံးတတ်တဲ့ သတ္တဝါ မဟုတ်လား။ ကမ္ဘာဦးက စလို့ တခြားသတ္တဝါတွေလို ကျောက်တုံးကို ကျောက်တုံးအဖြစ် သုံးခဲ့တာ မဟုတ်ဘူး၊ ကျောက်ပုဆိန်၊ကျောက် လှံ၊ ကျောက်တင်းပုတ်တွေလို ကရိယာ တန်ဆာပလာ လုပ်ပြီး သုံးခဲ့တာ၊ ဒီနည်းနဲဲ့ပဲ တစ်ခြား သတ္တဝါတွေကို အနိုင်ယူခဲ့တာ၊ဒီလိုအသိဥာဏ် နဲ့ပဲ ကမ္ဘာမှာ လွှမ်းမိုးခဲ့တာ။

စတုတ္ထ စက်မှုတော်လှန်‌ရေး ကာလမှာတော့ လူ့ ဥာဏ်ရည် နီးပါး စွမ်းဆောင်နိုင်တဲ့ AI နည်းပညာ တွေ ပေါ်လာပြီး သူတို့ကို တချို့ နေရာတွေမှာ Tool ကရိယာ တန်ဆာပလာလို၊တချို့ နေရာတွေမှာ ကိုယ့်လက်ထောက်လို သုံးနိင်ပေမယ့် တစ်ချို့ နေရာတွေမှာ ကိုယ့်နဲ့ အလုပ်တွဲလုပ်နိုင်မယ့် လုပ်ဖော်ကိုင်ဖက်လို၊ တစ်ချို့နေရာ တွေမှာ ကိုယ့်ကို ညွှန်ကြားနိုင်တဲ့ သူတွေလိုတောင် ဖြစ်လာနိုင်ခြေလဲ ရှိတော့..။

တကယ်တော့ AI ဟာ စိတ်ဝင်စား စရာတော့ ကောင်းပါတယ်၊နောက်အပိုင်းတွေကျမှ ကမ္ဘာမှာ အခုဘယ်နေရာ တွေမှာ စသုံးနေသလဲ၊ဘယ်နေရာတွေမှာ သုံးဖို့ ကြံရွယ်နေသလဲ...ရေးပါဦးမယ်။

MM Science
MM Science
Awesome articles