MM Science
“AI (စက်တို့ရဲ့ ဥာဏ်ရည်)(၁)

“AI (စက်တို့ရဲ့ ဥာဏ်ရည်)(၁)

ဒေါက်တာအောင်မျိုး စာအုပ်စင်
ဒေါက်တာအောင်မျိုး စာအုပ်စင်

“ဒေဝေါ” လာပြီ….. “ AI”လို့ခေါ်တဲ့ Artificial Intelligence “စက်တွေရဲ့ ဥာဏ်ရည်” အကြောင်းကို လေ့လာရင်း ငယ်ငယ်က ဖတ်ခဲ့ဘူးတဲ့ ပုံပြင်တပုဒ်ကို သတိရတယ်..“ဒေဝေါ” လာပြီ ဆိုတဲ့ ပုံပြင်လေး ။ ပုံပြင်က..တောင်သူကြီးတစ်ဦးက သူ့ သားသမီးတွေကို “ဒေဝေါ လာတော့မယ်၊ သိမ်းစရာတွေ. လုပ်စရာတွေကို မြန်မြန်လုပ်ကြ”လို့ နှိုးဆော်တယ်..တဲ့။ တကယ်တော့ “ဒေဝေါ လာမယ်” ဆိုတာ မိုးတွေရွာတော့မယ်..လို့ ပြောတာ။ အဲဒီ အချိန်မှာ တောင်သူကြီးရဲ့ တဲ နားမှာ နွားတွေကို လစ်ရင်ဆွဲ ဖို့စောင့်နေတဲ့ ကျားတစ်ကောင်နဲ့ ပစ္စည်းခိုးဖို့စောင့်နေတဲ့ သူခိုးတစ်ယောက်လဲ ရှိတယ်..တဲ့။ သူခိုးက သစ်ပင်ပေါ်မှာကနေ ညအမှောင်ကို စောင့်နေတာ။အဲလိုပြောသံလဲကြား၊တောင်သူကြီးတို့ တစ်မိသားစုလုံးလဲ ရေးကြီးသုတ်ပြာလုပ်နေတာ မြင်ရတော့ .. သူတို့ ထင်လိုက်တာက “ဒေဝေါ” ဆိုတာ ကြောက်စရာ သတ္တဝါတစ်ကောင် ဖြစ်မယ်လို့ ။ ဒါနဲ့ပဲ ကြောက်ကြောက်နဲ့ သူခိုးက သစ်ပင်ပေါ်က ခုန်ချလိုက်တော့ ကျားပေါ် ပြုတ်ကျလို့ ကျားကို ခွစီးသလို ဖြစ်သွားတယ်တဲ့၊ အဲဒီတော့ အောက်က ကျားကလဲ ဒေဝေါကြီး ပြုတ်ကျလာတယ်ထင်ပြီး ကြောက်ကြောက်နဲ့ ပြေး၊ သူခိုးကလဲ ဒေဝေါ် အပေါ် ကျတယ်ထင်ပြီး ကြောက်ကြောက်နဲ့ ဖက်ထား..နဲ့ တစ်ညလုံး သူတို့ပါတ် ပြေးနေကြတော့တယ်..တဲ့။ ဒီပုံပြင်က ပြောချင်တာကတော့..မစူးစမ်း မဆင်ခြင်ရင် ကြောက်စရာ မဟုတ်တာကိုတောင် ‌ကြောက်တတ်ကြတယ်၊အဲဒီတော့ ဘာကိုမဆို စူးစမ်းဆင်ခြင်ကြ..လို့ ပြောချင်ပုံရပါတယ်..

“AI” လို့ခေါ်တဲ့ “စက်တွေရဲ့ ဥာဏ်ရည်” ကတော့ ဒီပုံပြင်နဲ့ နည်းနည်းတော့ ခြားနားမယ်ထင်တယ်။ AI အကြောင်း ပို‌လေ့လာမိလေလေ၊ပိုတွေးမိလေလေ....ပို စိုးရိမ်စရာလဲ ဖြစ်လာသလို သူတို့ကို ကောင်းကောင်း အသုံးချနိင်ရင်လဲ လူတွေအတွက် ပို အကျိုးရှိလာလိမ့်မယ်..လို့ တွေးမိတယ်။

ကမ္ဘာမှာလဲ AI နဲ့ ပါတ်သက်လို့ စိုးရိမ်ပူပန်သူတွေ ရှိကြသလို အကောင်းမြင်သူတွေလဲ ရှိကြတယ်၊စိုးရိမ်ကြတဲ့ သူတွေထဲမှာ ထင်ရှားသူတွေကတော့...အီလွန် မတ်စ်(Elon Musk) တို့၊ စတီဖင် ဟော့ကင်း(Stephen Hawking)တို့က ထိပ်ဆုံးကပေါ့။အီလွန် မတ်စ် ဆိုတာ အဂ်ါဂြိူလ်ကို လူ တွေ ခရီးနှင်ဖို့လုပ်နေ တဲ့ SpaceXMars ကို ထူထောင်သူ။ သူက “AI ဟာ နျူးကလီးယားလက်နက် တွေထက် ပိုအန္တရယ်ကြီးတယ်၊မကောင်းဆိုးဝါးတစ်ကောင်ကို ဖိတ်ခေါ်လိုက်သ လိုပဲ” လို့ ပြောခဲ့ဘူးတယ်။ ကမ္ဘာမှာ အကျော်ကြားဆုံး ရူပဗေဒ ပညာရှင်ကြီး စတီဖင် ဟော့ကင်း(Stephen Hawking)ကလဲ “ AI ဟာ ကမ္ဘာပေါ်မှာ အသိဥာဏ်အရှိဆုံးဖြစ်တဲ့၊ တခြားသတ္တဝါတွေကို လွမ်းမိုးနိုင်တဲ့ လူသားကိုတောင် အစားထိုးလာနိုင်တယ်”လို့.. ခန့် မှန်းခဲ့ဘူး တယ်။ သူက “AI ဟာ လူ့ယဥ်ကျေးမှုတစ်လျှောက်မှာ အဆိုးဝါးဆုံး အဖြစ်အပျက်တစ်ခု ဖြစ်တယ်၊ တီထွင်သူတွေအနေနဲ့ အကောင်းဆုံး ထိန်းချုပ်နိုင်တဲ့နည်းတွေကိုလဲ ရှာကြပါ” လို့ အကြံပေးခဲ့တယ်။

မကြာသေးခင်ကပဲ စိုးရိမ်ပူပန်သူတွေအကြားမှာ Microsoft ထူထောင်သူ ဘီလ် ဂိတ်စ်(Bill Gates) လဲ ပါလာခဲ့တယ်။ သူကတော့ ချိန်ချိန်ဆဆ ပြောပါတယ်..”AI ဟာ နျူးကလီးယား စွမ်းအင်လို..ပဲ၊ လူသားတွေအတွက် အလားအလာကောင်းတွေရှိ သလို အန္တရာယ်တွေလဲ ရှိတယ်။ကမ္ဘာမှာ AI လို နည်းပညာဟာ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ AI ရဲ့ စွမ်းဆောင်နိုင်တာတွေဟာ မယုံကြည်လောက် အောင် ကောင်းလွန်းလို့ ကျနော်တို့ရဲ့ လူ့အဖွဲ့အစည်းကို နက်နက်ရှိုင်းရှိုင်း ပြောင်းလဲ စေလိမ့်မယ်”..လို့ ၂၀၁၉ မတ်လ က စတန်းဖို့ဒ် တက္ကသိုလ်မှာ ‌ပြောသွားခဲ့တယ်။

ဒါပေမယ့် AI နဲ့ပါတ်သက်လို့ အကောင်းမြင်သူတွေလဲ ရှိပါတယ်.. MIT(Massachusetts Institute of Technology) က ပါမောက္ခ Thomas Malone ကတော့ ..”အလုပ်တော်တော်များများမှာ လူရဲ့ ဥာဏ်ရည် နဲ့ စက်ရဲ့ ဥာဏ်ရည်ကို ပေါင်းသုံးရလိမ့်မယ်၊ဒီလိုပူးပေါင်း လုပ်ဆောင်တဲ့ Collective Intelligence လို့ခေါ်တဲ့ လူ-စက် စုပေါင်းဥာဏ်ရည်ဟာ အနာဂါတ်မှာ အသုံးတဲ့လိမ့်မယ်”.. လို့ ဆိုပါတယ်။

တကယ်တော့ နည်းပညာ အသစ်တွေပေါ်တိုင်း အခွင့်အလမ်းတွေနဲ့ စိန်ခေါ်မှုတွေက အမြဲတန်း တွဲလာလေ့ရှိပါတယ်။အားလုံးသိကြတဲ့ အတိုင်း ကွန်ပြူတာတွေ ‌ပေါ်လာတော့ ခဲစာလုံးနဲ့ စာတွေ စီတဲ့ ပုံနှိပ်စက်တွေ ပြိုကြသွားခဲ့တယ် မဟုတ်လား၊ဒါပေမယ့် အမြော်အမြင်ရှိ သူတွေကတော့ ကွန်ပြူတာ စာစီ၊ စာပုံနှိပ်တဲ့ ဖက်ကို ကူးပြောင်းပြီး နည်းပညာအသစ်တွေရဲ့ အခွင့်အလမ်းတွေကို ဖမ်းဆုတ်နိုင်ခဲ့ ကြတယ်။ တကယ်တော့ စတုတ္ထ စက်မှုတော်လှန်‌‌‌ရေး(Industrial revolution 4.0) မှာ ပေါ်တဲ့ AI ဟာ အရင်က ပေါ်ခဲ့တဲ့ နည်းပညာတွေ နဲ့ နဲနဲတော့ ခြားနားပါလွမ့် မယ်၊ ဒါပေမယ့် သူ့ အ‌‌ကြောင်းစောစော သိရရင် အခွင့်အလမ်းတွေကို အရယူနိုင်၊ စိန်ခေါ်မှုတွေ အတွက် ကြိုပြင်နိုင်တာပေ့ါ။

မကြာသေးခင်က ခရီးသွားရင်း ကျနော် “Outlook”မဂ္ဂဇင်းက ဆောင်းပါးတပုဒ် ဖတ်ခဲ့ရတယ်၊ ဆောင်းပါး ခေါင်းစဉ်က “စက်တွေရဲ့ ဥာဏ်ရည်နဲ့ အတူတွဲလုပ်ရမဲ့ အနာဂါတ်အလုပ်တွေအတွက် ပြင်ဆင်ထားပြီလား”.. တဲ့။ AI တွေနဲ့ အလုပ် အတူတွဲလုပ်ရမယ့် အနာဂါတ်ဟာ စိတ်ဝင်စားစရာပါ.

ဒေါက်တာအောင်မျိုး စာအုပ်စင်
ဒေါက်တာအောင်မျိုး စာအုပ်စင်
Awesome articles